■ ■ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ . . . အပိုင်း (၃)

■ ■ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ . . . အပိုင်း (၃)
Published 15 February 2024

■ ပြန်လည်အမှတ်ရစရာဖြစ်စေတဲ့ ဘိန်းစစ်ပွဲ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အထင်ရှားဆုံးနှင့် မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံးဖြစ်စဉ်များကို ညွှန်ပြရမည်ဆိုပါက အိမ်နီးချင်း တရုတ်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဘိန်းစစ်ပွဲများကို ညွှန်ပြရမည်ဖြစ်သည်။ ၁၉ ရာစုအလယ်ပိုင်းက တရုတ်နှင့် အနောက် အင်အားကြီးနိုင်ငံများအကြား ဘိန်းစစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုစစ်ပွဲနှစ်ပွဲစလုံးတွင် တရုတ်က ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအတွင်း ဘိန်းတင်ပို့ မှုစုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းမှာ မြန်မာ၊ လာအိုနှင့် ထိုင်းနယ်စပ်တွင် တည်ရှိသည့် ရွှေတြိဂံဒေသမှ ဖြစ်သည်။ နယ်စပ်ဒေသများကို အခြေပြု၍ ဖြစ်ပေါ်လာသည့် အွန်လိုင်းလောင်းကစားဂိမ်းနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်) ပြဿနာသည် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်ကိုင်အဖွဲ့များ ကြီးထွားလာခြင်း၊ လက်နက် ကိုင်အဖွဲ့များ၏ သြဇာကြီးထွားလာမှုနှင့်အတူ တရားဥပဒေစိုးမိုးမှု လျော့ရဲလာပြီး တရားမဝင်မှောင်ခိုလုပ်ငန်းများ ကြီးထွားလာခြင်း သံသရာအကျိုးဆက်ပင်ဖြစ်သည်။ ■ ပြည်တွင်းစစ်နှင့် ပဋိပက္ခများအပေါ် နစက ဘယ်နည်းလမ်းသုံး ဖြေရှင်းမလဲ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာလွှဲပြောင်း ရယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ အုပ်ချုပ်ရေးတာဝန်များ လုပ်ဆောင်ခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ ယခုကဲ့သို့ ပဋိပက္ခများ ပိုမိုကြီးထွားလာစေသည့် အချက်များထဲတွင် နစကအနေဖြင့် အာဏာလွှဲပြောင်းရယူပြီး တစ်နှစ်အတွင်း အရပ်သား အစိုးရထံ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးခြင်းမှာလည်း အချက်တစ်ချက်အဖြစ် ပါဝင်သည်။ ထိုသို့ လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်လာခြင်းသည် နစကအနေဖြင့် ASEAN WAY အာဆီယံ၏ နည်းလမ်းကို အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟုလည်း ဝေဖန်သုံးသပ်မှုများရှိသည်။ လက်ရှိအခြေအနေတွင်မူ ပဋိပက္ခများ ပြေလျော့စေရန်အတွက် နစကအနေဖြင့် အာဆီယံလမ်းကြောင်းမှတစ်ဆင့် နိုင်ငံတကာဖိအားများကို လျှော့ချကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန် လုပ်ဆောင်သင့်သည်ဟု ဆိုရမည်ဖြစ်သည်။ သို့ဖြစ်ရာ မတူကွဲပြားသော အမြင်များကို လက်ခံ၍ အတိုက်အခံများနှင့် ဆွေးနွေးခြင်း၊ နိုင်ငံတကာနှင့် Dialouge ဖြစ်ရေး တတ်နိုင်သမျှ အတိုးအလျှော့ပြုလုပ်၍ လမ်းဖွင့်ပေးခြင်း၊ ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပကာ အရပ်သားအစိုးရထံ ကတိကဝတ်အတိုင်း အာဏာလွှဲပေးနိုင်အောင် အလျင်အမြန် လုပ်ဆောင်ပေးနိုင်ခြင်းတို့ကသာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်တိုက်တွန်းလျက်ရှိကြသည်။ ■ မြန်မာအပေါ် တရုတ်နှင့် အနောက်နိုင်ငံများက ဘယ်လိုမူဝါဒနှင့် ချဉ်းကပ်သင့်သလဲ လက်ရှိအချိန်တွင် မြန်မာအနေဖြင့် ယူကရိန်းကဲ့သို့ အမေရိကန်နှင့် အနောက်ဥရောပ ကျောထောက် နောက်ခံပေးထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုဟန့်တားမှုနှင့် ဖိအားများကြောင့် အင်အားနည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချိန်တွင် စူပါပါဝင်နိုင်ငံတစ်ခု၏ Proxy War ဆင်နွှဲခြင်းခံရမည်ဆိုပါက နိုင်ငံအနေဖြင့် ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်ပေသည်။ ဒီမိုကရေစီ လိုလားသော အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်စေပြီး ပိတ်ဆို့မှု အထပ်ထပ်ချမှတ်နေခြင်းထက် အမေရိကန်သမ္မတ အိုဘားမားလက်ထက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ခဲ့သည့် Carrot and Stick ပုံစံမျိုးဖြင့် အနာနှင့်ဆေး မှန်ကန်မှုရှိသည့်မူဝါဒမျိုးကို ကိုင်စွဲ၍ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ထောက်ပြကြသည်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ခြင်းတစ်မျိုးတည်းဖြင့် ဖြစ်ပေါ်နေသော ပဋိပက္ခများ ပြေလည်နိုင်ဖွယ်မရှိသည်ကို အမေရိကန်အပါအဝင် အနောက်နိုင်ငံများအနေဖြင့် သမိုင်းအစဉ်အလာများအရ အကဲဖြတ်သိရှိလက်ခံရန် လိုအပ်မည်ဖြစ်သည်။ ထို့အတူ တရုတ်နိုင်ငံအနေဖြင့်လည်း အိမ်နီးချင်း မြန်မာနှင့် ၁၉၄၉ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် တရုတ်၏ လွတ်လပ်ရေးအပေါ် ပထမဦးဆုံး ထောက်ခံပေးသည့် မြန်မာနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ရင်းနှီးမှုဆိုသည့် မျက်နှာကိုထောက်ရှု၍ Proxy War မှတစ်ဆင့် မြန်မာ့ပြည်တွင်းစစ်မီး ကျယ်ပြန့်တောက်လောင်မှုမရှိအောင် စိတ်ရင်းစေတနာမှန်ဖြင့် ကာကွယ်ကူညီပေးသင့်ပေသည်။ မဟုတ်ပါက တရုတ်အနေဖြင့် ၎င်းတို့ စူပါပါဝါအင်အားကြီးနိုင်ငံဖြစ်လာချိန်တွင် အိမ်နီးချင်းမြန်မာမှာ သိမ်းသွင်းခံ (ကိုလိုနီပြု) ခံရသော ပထမဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိသွားလိမ့်မည်ဟု ဝေဖန်ပြစ်တင်မှုမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။